Chemical Peeling ဆိုတာ ဘာလဲ
မျက်နှာလေး ကြည်ဝင်းတောက်ပပြီး Glow Skin ဖြစ်ဖို့ဆိုတာ ထင်သလောက်တော့ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါကြောင့်လည်း မိန်းကလေးတိုင်းက ကြည်လင်တောက်ပတဲ့ အလှတရားကို ပိုင်ဆိုင်နိုင်ဖို့ အမျိုးမျိုးကြိုးပမ်းကြတာပါ။
ဘာမိတ်ကပ်မှ မပါဘဲ မျက်နှာလေး ကြည်လင်ရှင်းသန့်နေတဲ့ ပြစ်မျိုးမှဲ့မထင်အလှမျိုးကို ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းအမျိုးမျိုး သုံးကြရာမှာ Skincare တွေ ဘယ်လိုသုံးသုံး ထင်သလောက်မထိရောက်ကြတဲ့ အမျိုးသမီးငယ်လေးတွေအတွက် Alternative Way တစ်ခုကို ပြောပြပေးချင်ပါတယ်။
ဒါကတော့ Chemical Peeling ပါပဲ။
Chemical အရည်တစ်မျိုးကို အရေပြားမှာ လိမ်းလိုက်ပြီး မျက်နှာပြင်ပေါ်က ပျက်စီးနေတဲ့ အရေပြားဆဲလ်သေတွေကို အလွှာလိုက် ကွာကျစေကာ အသစ်အသစ်သော ကျန်းမာသောဆဲလ်တွေကို ပြန်လည်တည်ဆောက်စေတဲ့ နည်းလမ်းပေါ့။ အသားရည် ပိုမိုချောမွေ့လာအောင်၊ အရည်တွန့်ပျက်စီးမှု လျော့ကျအောင် ပံ့ပိုးပေးတဲ့ အလှအပဆိုင်ရာ ကုထုံးတစ်မျိုးပါ။
အမျိုးအစားအနေနဲ့
- Light
- Medium
- Deep ဆိုပြီး Peeling (3) မျိုး ရှိပါတယ်။
LIGHT PEEL: အပေါ်ဆုံးအလွှာကိုပဲ ရည်ရွယ်ဖယ်ရှားမှာဖြစ်လို့ အက်စစ်အပျော့တစ်မျိုးမျိုး (eg. Salicylic Acid) ကို ဂွမ်းလုံး၊ ပတ်တီးစ၊ Brush တို့နဲ့ မျက်နှာပြင် (မျက်နှာ၊ လည်ပင်း၊ လက်) ၌ သုတ်လိမ်းပါတယ်။ အသားရည်က ဖြူလာပြီး နည်းနည်းစူးသလို ခံစားရပါလိမ့်မယ်။ ပြီးရင်တော့ လိမ်းထားတဲ့ အက်စစ်အပျော့နဲ့ ဆဲလ်သေတွေကို ဓာတ်ပြယ်စေတဲ့အရည် (Neutralizing Solution) နဲ့ဆေးချသန့်စင်ပါတယ်။ နှစ်ပတ်မှ ငါးပတ်ခြားပြီးမှ တစ်ကြိမ်Llight Peel ကို ပြုလုပ်သင့်ပါတယ်။
MEDIUM PEEL: အပေါ်ဆုံးအလွှာအပြင် အလယ်လွှာရဲ့ အချို့အစိတ်အပိုင်းထိ ရည်ရွယ်ပါတယ်။ အက်စစ်ကို အနည်းငယ်ပိုပြင်းတဲ့ အမျိုးအစား(eg. Glycolic Acid) ကို ပတ်တီးစ(သို့) နားကြပ်တံဂွမ်းလုံးနဲ့ အရေပြားမှာ လိမ်းပါတယ်။ အရေပြားက ဖြူလာပါမယ်။ မိနစ်အနည်းငယ်ကြာသော် ရေခဲထုပ် (သို့) လက်ကိုင်ပန်ကာငယ်နဲ့ အရေပြားကို အေးမြအောင် ပြုလုပ်ပေးပါတယ်။ စပ်ဖျင်းဖျင်းဖြစ်စေ ပူသလိုဖြစ်စေ မိနစ် (၂၀) ခန့် ခံစားရနိုင်ပါတယ်။
DEEP PEEL: အကြောဆေးအချို့သွင်းပါတယ်။ ကုသခံသူရဲ့ နှလုံးခုန်နှုန်းကို စောင့်ကြည့်ပါတယ်။ Phenol ကို အရေပြားမှာ နားကြပ်ဂွမ်းလုံးနဲ့ လိမ်းပါတယ်။ ကုသမှုကို 15 မိနစ်ခြားစီနဲ့ စုစုပေါင်း မိနစ် 90 ကြာ ပြုလုပ်ပါတယ်။
ရရှိနိုင်မယ့် ရလဒ်တွေကတော့
- အသားရည်ညီညာခြင်း၊
- အရေးအကြောင်းများ လျော့ပါးခြင်း၊
- အသားရည် သိသိသာသာ ချောမွတ်ခြင်း ၊
- ဝက်ခြံ၊ အမည်းစက်၊ အမာရွတ်များ လျော့ပါးခြင်း၊
- အရွယ်တင်စေခြင်း စတာတွေပါပဲ။
သတိပြုစရာအနေနဲ့
- အရေပြားနီမြန်းယောင်ယမ်းခြင်း၊
- အသားရည်အပြောင်းအလဲ (ဖြူလွန်း၊ မည်းလွန်း)၊
- ပိုးဝင်ခြင်း၊
- အခန့်မသင့်ရင် Deep Peel မှာသုံးတဲ့ Phenol ကြောင့် နှလုံး၊ ကျောက်ကပ်၊ အသည်း ထိခိုက်ခြင်း စတာတွေဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် Peelig မလုပ်ခင်မှာ ကျွမ်းကျင်သော အရေပြား၊ အလှအပအထူးကု ဆရာဝန်များထံ၌သာ စနစ်တကျ ဆွေးနွေးတိုင်ပင် ကုသမှု ခံယူဖို့ အကြံပြုလိုက်ရပါတယ်။
Dr. May Myat Tun